Monday, April 19, 2010

ရာသီတန်ခူး

Photobucket
မြန်မာတို့ရဲ့ သင်္ကြန်
မြန်မာတို့ရဲ့ ဟန်
နန်းဆန်မပျက် ပျော်ရွှင်ခဲ့ ရှေးရက်အချိန်ခါပင်...

ကူးပြောင်း အခါမှီ
ငြိမ်းအေး စေရည်
ဖြန်းပက်ရေစင် အေးချမ်းခဲ့ မြဲစဉ်နှစ်သစ်ကြိုခဲ့စဉ်...

ပန်းပတောက် ပွင့်ဖူး
ရာသီတန်ခူး
ငှက်သြတွန်းကြူး ထူးမှတ်ခဲ့ ရောက်မြဲ ဒီအချိန်ပင်...


မိုးနတ်နွယ်

Friday, April 9, 2010

ကျားလျှာပန်း

ပန်းအချင်းချင်းကပင်
သူ့ကို အတင်းပြောကြသည်။
ကျားလျှာပန်း ဆိုတာ
ပန်းအစစ် မဟုတ်ဖူးတဲ့လေ။



သူ့အနံ့က မွှေးလည်း မမွှေးတဲ့။
သူ့အဆင်းက လှလည်း မလှတဲ့။
ပန်းပန်သူတို့ကလည်း မပန်ကြတဲ့။
ကုသိုလ်ပြုသူတို့ကလည်း ဘုရားမတင်ကြ။
ခေါင်းမဆင်ကြ။

သို့သော်လည်း
အချင်းတို့.....
ဤ ကျားလျှာပန်းကား
ပန်းတကာတို့ ခန္ဓာစဲသော
နွေခေါင်ခေါင်မှာမှ
နွေကို အံတုလျက် ဖူးပွင့်ရဲသော
ပန်းပင်ဖြစ်ချေသည်တကား။


The Cactus Flower
tranlsated by Khin Aye Thet

Even amongst the flowers,
They deride it.
This tiger's tounge, this cactus flower
Is not a real flower. So they say.

Its scent unsweet,
Its lines unlovely,
The flower-lovers love it not.
The merit-seekers never place it on the alter.
None ever wear it in their hair.

But let thou listen!
In the height of summer
when all flowers wither,
The tiger's tounge blossom
Sets its teeth against summer
And dares to bloom.

မောင်ပန်းမွှေး
ဘာသာပြန်- ခင်အေးသက်
မောင်ပန်းမွှေးရဲ့ တခုသောပန်းဥယျဉ် ကဗျာစာအုပ်မှ ကူးယူဖော်ပြပါတယ်။

Thursday, April 8, 2010

မြ


မြ
.. မြ ...
အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် " မြ " သော မြားတစ်စင်းတည်၏။
သို့သော် " တေး " မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို " မြ " သော စောင်းတစ်အိုးတည်၏။
သို့သော် " ကြိုး " မရှိ။

သျှပ်မှူးကျော်၊ မောင်မိုးကျော်၊ အရိုင်းဖြူ ၊ထူးအိမိသင်

ဒီပရင်္ဂ(ဒီပဲယင်း)

ပုံပြင်ထဲကမြို့လဲမဟုတ်
ဒဏ္ဍာရီထဲကမြို့လဲမဟုတ်
ရာဇဝင်ထဲက မြို့တစ်မြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းကရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။
ဒီမြို့ကိုကတူးလူမျိုးတွေတည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဖက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေဆိတ်ယောင်ဆောင်
ရေသောက်မဲ့ ဟန်မြည်သံပေးတာကိုအစွဲပြုလို့
ဒီမြို့နာမည်တွင်ခဲ့ရ။
အရှေ့မှာဧရာဝတီ
အနောက်မှာချင်းတွင်း
မနီးဝေးမှာမူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်ထွန်းခဲ့တယ်။
သာသနိကအဆောက်အအုံတွေပေါများ
ရဟန်းပညာရှိလူပညာရှိတွေထွန်းကား
တစ်ခြားမြို့တွေနဲ့စီးပွါးကူးသန်းသွားလာဖို့လွယ်ကူ
ဘိုးတော်ဘုရားလက်ထက်စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့၁၂မြို့ထဲကမြို့တစ်မြို့။
အလောင်းဘုရားလက်ထက်မှာ
အိမ်ရှေ့စံနောင်တော်ကြီးဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာစစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရရဲခေါင်ဘွဲ့နဲ့ဒီမြို့ရဲ့မြို့ဝန်။
ဘုံခန်းပျို့ဆရာအရှင်အဂ္ဂသမာဓိ
စစ်သူကြီးမဟာဗန္ဓုလ
မုံတိုင်ပင်ဆရာအရှင်ဝံသ
အတုလဆရာတော်အရှင်ယသ
မြသိန်းတန်ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
လယ်တီဆရာတော်
ဒါဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာမင်းတုန်းမင်းကိုပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသားခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့မြို့ဝန်ဦးမှန်း
အောက်ပြည်ကိုထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေအတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ်ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက်သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ဒီဒေသ
ဆောင်းတွင်းအခါသမယမှာ
မိုးရွာဖို့မဆိုထားနဲ့
မိုးအုံ့ဖို့တောင်အကြောင်းမရှိပေမယ့်
ရုတ်တရက်မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင် ရွာတဲ့မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကိုဖြတ်သန်းရင်း
ဒီမြို့ကိုကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကိုခြောက်လှန့်နေလေရဲ့။

(ကြည်မောင်သန်း)ချယ်ရီမဂ္ဂဇင်း ၂၀၀၈ ဇွန်လ
ထိုကဗျာကြောင့် ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ ၂ ဦး အလုပ်ထုတ်ခံခဲ့ ရသည်။ အယ်ဒီတာ များမှာ တာဝန်ခံ အယ်ဒီတာ ဒေါ်သပြေနှင့် အမှုဆောင် အယ်ဒီတာ လင်းထိပ်သျှင် တို့ဖြစ်သည်။

တရား နှင့် ဓား


တရား နှင့် ဓား
အား နှစ် အား တွင်
တရားကို ချစ်
ဓားကို ပစ်အံ့
စစ်ကို ငါတို့ မုန်းပါသည်။

(ကဗျာဆရာ တင်မိုး)
ဆရာတင်မိုး ကိုမြင်းခြံခရိုင် တောင်သာမြို့ နယ် ကန်မြဲရွာမှာ၁၉၃၃ ခုနှစ်နိုဝင်ဘာလ ၁၉ ရက် နေ့မှာဖွားမြင်ခဲ့၍ အမည်ရင်းက ဘဂျမ်း ဖြစ်ပါတယ်။ ၁၉၉၁ မှ ၁၉၉၅ ထိ ပေဖူးလွှာ မဂ္ဂဇင်း အယ်ဒီတာချုပ် အဖြစ်တာဝန်ယူစဉ် စစ်အစိုးရမှ ထောင် ၄ နှစ်ချခြင်းခံရပါတယ်။ ၂၀၀၀ ခုနှစ် နောက်ပိုင်း အမေရိကန်(LA) မှာနေထိုင်စဉ် ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက် ဒေသစံတော်ချိန် ၄ နာရီခန့်တွင ကွယ်လွန်ခဲ့သည်။

(မင်းသုဝဏ်)


သပြေသီးကောက်
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားမယ် သွားမယ်။

လယ်စောင့်တဲ
မိုးရေ တက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့် တဲနဲ့ ပဏာတင့်

ဥပုသ်စောင့်
ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်နံနက် ကျောင်းတက်မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့ရင်
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်
မောင်မဆော့ပေါင် စိတ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်
လိုက်မယ် လိုက်မယ်။

(မင်းသုဝဏ်)

သခင် ကိုယ်တော်မှိုင်း


ထီမထင် ဆရာမှိုင်း

သြော်…ဝေးခရီးကပေမယ့်
အရေးကြီးလျှင်ဖြင့်၊သွေးနီးရာပါစမြဲပေမို့
ဆရာလဲကွာ
ပထမ အရင်ကနဦးဆီက
မြန်မာတခွင်မှာ သမ္မတ ရှင်ဘုရင်မလူးခင်ပ
ထ ဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့
ထီ မထင်ကျောင်းတော်သားတွေရဲ့ 
အမည်စာရင်းမှာ ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ ဆရာကို
စာရင်းတို့ကာထားလိုက်ကြပေတော့။

(သခင် ကိုယ်တော်မှိုင်း)
သခင်ကိုယ်တော်မှိုင်း အား ရွှေတောင်နယ် ဝါးလယ်ကျေးရွာ အဖ ဦးစံထွန်း အမိ ဒေါ်အုန်း တို့မှ ၁၈၇၆ မတ်လ ၂၃ ရက် ကြာသာပတေးနေ့ တွင်ဖွားမြင်၍ ငယ်မည်မှာ မောင်လွန်း ဖြစ်သည်။ ၁၉၂၀ ကျောင်းသားသပိတ် ပြီးနောက် ပေါ်ပေါက်လာသော အမျိုးသားကောလိပ် ကျောင်းတွင် ကျောင်းဆရာအဖြစ် ဝင်ရောက် ဆောင်ရွက် ပေးခဲ့သည်။ ၁၉၃၆ တွင် တို့ဗမာ အစည်းအရုံး၌ နာယက ဖြစ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ဖွဲ့၍ ပြည်တွင်းစစ် မဖြစ်ရန် ကြိုးပမ်းခဲ့သည်။ တော်လှန်ရေး ကောင်စီ အာဏာ ရလာပြီးနောက် အဖွဲ့ ဖျက်သိမ်းခံရကြောင်း သိရှိ၍ စိတ်ထိခိုက်ကာ မကျမ်းမာဖြစ်၍ ၁၉၆၄ ခုနှစ် ဇူလှိုင် ၂၂ ရက် တွင်သတိမရှိတော့ပဲ ၂၃ ရက် နံနက် ၁ နာရီ တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ် ရှိပြီဖြစ်သည်။

Wednesday, April 7, 2010

ကျောင်းဖွင့်ချိန်


(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

Tuesday, April 6, 2010

မျှော်


မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်

ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။

ပိတ်မထားရသေးတဲ့
သားကြီးတို့ ရဲ့ ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေ မျက်ရည်ဝဲရော့မယ်။

ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ့  လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမ္ဘာမကြေဘူး
ဘီလူးတခေတ်၊ ဒေါင်းတခေတ်။

တနေ့ နေ့ လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်ခွင်မှာ ထွေးလို့ ကြိုပါမေမေရယ်။

မြန်မာပြည်ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့် အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့  တိုက်ပွဲဝင်နေပါတယ်။ ။

တာရာမင်းဝေ

Sunday, April 4, 2010

ပင်လယ်ရေးတဲ့စာ

ရေတံခွန်ကြီးတစ်ခုလို ခုန်ချလိုက်ချင်တယ်
မြင်းမိုရ်တောင်ကိုလည်း မိုးကြိုးးပစ်ချလိုက်ချင်ရဲ့။
ကျောက်မြင်းရုပ်ကြီးလိုပဒပ်ရပ်ထချင်တယ်
ပင်လယ်ကဗီးပင်တွေလိုလည်းတရှဲရှဲအော်လိုက်ချင်တယ်။
ခုတော့....ဘယ်ဖြစ်တော့မှာလဲ
သူမက
ငါ့ကို
ငြိမ်ငြိမ်လေးပဲ
လက်ပိုက်ရပ်နေတဲ့....။

တာရာမင်းဝေ

ကျောင်းသားအတ္ထုပ္ပတ္တိ

(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်

အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ယင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။

အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ

အောင်ဝေး
ဒီဇင်ဘာ ၂၆၊ ၂၀၀၉

ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။

++++++++

သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။

အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။

တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။

ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …

ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။

ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။

ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။

တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။

အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။

ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။

ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။

ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။

ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။

အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။

သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။

အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။

အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ

ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်