Monday, August 11, 2014

ှုငှက်ကြီး

မွေးတုန်းက သန်းထွန်းစိုးပေးတယ်
အဘွားက ကန့်ကွက်လို့ ကျော်မြင့်လွင် ဖြစ်သွားရော။
မွန်ဘာသာနဲ့ ပေါ်စွမ်းလို့ပေးထားတယ်။ မြန်မာလို့ ကိုငွေသီး အဓိပ္ပါယ်ရတယ်။
အသားဖြူဖြူနဲ့ ဘဲဥ လို့ သူငယ်ချင်းတွေက ခေါ်တယ်။
ရဲသင်ရန် သျှပ်မှုးကျော် လင်းထက် စတာတွေက စာရေးတဲ့ ကလောင်နာမည်တွေ။
ဂီတလောကမှာ ကျော်ကြားတော့ ငှက်ကြီးလို့ ချစ်စနိုးခေါ်ကြပြန်ရော။
ထူးအိမ်သင်ကတော့ မွန်ဇာတိကို ဂုဏ်ပြုမှုပေါ့။

"အဖိုး မဖြတ်နိုင် သော "ရာမညသား" အဆိုတော် ... တေးရေး ဆရာ ..ထို့ ထက် ပို ၍.... အဖိုး မဖြတ် နိုင် သော "ရာမညသား" ကဗျာ ဆရာ....
ထာဝရရှင်သန်နေမယ့်... အနုပညာပါရမီရှင် တစ်ယောက်......
သီချင်းတွေချစ်တဲ့ ကဗျာဆရာ......ကဗျာတွေချစ်တဲ့ သီချင်းရေးဆရာ......ဧရာဝတီကိုချစ်တဲ့ မွန်လူမျိုးတစ်ယောက်......အနုပညာကို ဘယ်အရာနဲ့မှ မလဲလှယ်ခဲ့သူ......မြစ်တစ်စင်းလို့စီးဆင်းသွားလိုက်တာမှော်ဆရာတစ်ယောက်ရဲ့အိပ်မက်တွေနာရီပေါ်က မျက်ရည်များနဲ့ ချစ်ခြင်းအားဖြင့်လောကကို အလှဆင်သွားတယ်။ ။
{ဂန္ထ၀င်မြောက်အနုပညာရှင် ကိုငှက် သို့မဟုတ် ထူးအိမ်သင်}
— with Maung De Mon.

Thursday, August 15, 2013

“ဆရာမင်းလူ(၁၉၅၄-၂၀၁၃)”

 
ဦးမင်းလူ နှုတ်ထွက်သွားခြင်း”

ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …။


ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။

ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။

ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။

အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။

မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
`ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။
မင်းလူ
 
မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့မှ ရန်ကုန်မြို့ အမှတ် (၁၄၇) (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။
၁၉၅၉ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ စိန်ပေါ အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။ ၁၉၆၈ မှ ၁၉၇၂ အထိ အထက(၁) သင်္ကန်းကျွန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း အောင်မြင် ခဲ့သည်။ ကျောင်းသား ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူးနှင့် သိပ္ပံပညာ အသင်း တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် သင်ကြားပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင်နှင့် နှစ်ပတ်လည် မဂ္ဂဇင်း တို့တွင် တောကျောင်း ဘုန်းကြီး အမည်ဖြင့် ကဗျာများ ရေးသား ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို စတင် ဖော်ပြခံပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ကျောင်းတက်ရင်း စာအုပ် ထုတ်ဝေရေး လုပ်ငန်း လေ့လာ လုပ်ကိုင်ခဲ့သည်။ မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သမီး နှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။
ယခုအခါ မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံရှိ မိခင်၏ နေအိမ်တွင် နေထိုင်ရင်း ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဇာတ်ညွှန်းများ ရေးသားလျက် ရှိသည်။ ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင် ဇာတ်ညွှန်း များစွာ ရိုက်ကူးခြင်း ခံခဲ့ရပြီး အများစုကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးခဲ့သည်။၂၀၁၃သြဂုတ်၁၄ညပိုင်းတွင်
ဝိတိုရိယ ဆေးရုံး၌ကွယ်လွန်အနိစ္စရောက်သည်။
 

သူ.မှာတမ်း

အမောင်ပျောက်ကြား၊တိုင်းပြည်အားကို
ဘာများမှာခဲ.လိုသနည်း။

ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ ၊ ခွဲရပါ၍
အားနာခဲ.ကြောင်းပြောပါလေ။
မင်းသုဝဏ်
 

သစ္စာသည်သာ အလှတရား

ငါသေတဲ့အခါ
ဘာအမွေများ ထားခဲ့ရပ
အို … လောက တဝှမ်းလုံး
အချောအလှအဆန်းဆုံး
သဘောဓမ္မလွှမ်းဖုံး
မနောမယပန်းကုံးတွေကို
တေးဖွဲ့ကာ ကဗျာတွေသီလို့
အသည်းလွှာမြေမဟီဝယ်
အုတ်ဂူလုပ်ကာ မြုပ်ခဲ့မည်ပ။

ဒေါင်းနွယ်ဆွေ

ဒီကဗျာလေးက ဆရာ ဒေါင်းနွယ်ဆွေရဲ့ နောက်ဆုံးကဗျာလေးတဲ့

Thursday, January 17, 2013

“မော်ဒန်မန္တလေး”

(၁)
နေပူကျဲကျဲ
တိုက်ရိပ်ကလွဲလို့ ဘာမှမရှိ
သဘာဝ၏ အလောင်အမြိုက်ဒဏ်
ခံစားနစ်မျော--
ချစ်သောမန္တလေး ပူရှာမည်။
(၂)
အမြို့မြို့အနယ်နယ်ကလာတဲ့
မြန်မာတိုးရစ်(စ်)တွေ
စက်ဘီးတွေ ဆိုင်ကယ်တွေ
ကြွယ်ဝမှုကို ဖော်ကြွားတဲ့
မော်တော်ကားသစ် ပြိုင်ပွဲတွေ
လမ်းပေါ်မှာပွေရှုပ်
တိုးတက်တဲ့ပြယုဂ်လို့ အခေါ်ခံ
(ဒါ--) ကျွန်တော်တို့ရဲ့ မော်ဒန်မန္တလေး။

Wednesday, August 29, 2012

ပိုလျှံနေသော ၀ါကျများ





(၁)


ငါးဟာ….
ရေကိုမသိသလို
လူတွေဟာ….
မသိတာကလွဲလို့
အားလုံးသိခဲ့ကြတယ်။

Thursday, August 23, 2012

ကြည့်မြင်တိုင်

ကြည့်မြင်တိုင်ဆိုတာ
ရန်ကုန်အနောက်ပိုင်းခရိုင်က
လူဦးရေ ၂ သိန်းခန့် အခြေချနေထိုင်တဲ့အရပ်

ရာဇ၀င်အရ
မြန်မာဘုရင်များလက်ထက်က
ခံတပ်ရွာလေးတရွာဖြစ်သလို
ရွှေတိဂုံဘုရားသမိုင်းထဲမှာတော့
မောင်ကံ ရွှေတိဂုံစေတီကို ကြည့်မြင်တိုင်တည်တဲ့နေရာ


ရပ်ကွက် ၂၀ နဲ့ဖွဲ့စည်းထားတဲ့
ရပ်ကွက် ၂ခုက လှိုင်မြစ်ကြီးခြားတဲ့
ထူးထူးခြားခြား မြို့နယ်တခု

Thursday, May 24, 2012

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့

သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့...

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ...

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်...

တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား...

သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွှံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု...

မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

               အောင်ဆန်းစုကြည်

Saturday, March 3, 2012

မျက်ဖြေလင်္ကာ

  •  သူတည်းတစ်ယောက် ကောင်းမှုရောက်မူ
           သူတစ်ယောက်မှာ ပျက်လင့်ကာသာ
           ဓမ္မတာတည်း ။
  •  ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ
            မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ်
            စည်းစိမ်မကွာ ၊ မင်းချမ်းသာကား
           သမုဒ္ဒရာ ၊ ရေမျက်နှာထက်
            ခဏတက်သည့် ရေပွက်ပမာ
            တစ်သက်လျာတည်း ။
  •  ကြင်နာသနား ၊ ငါ့အားမသတ်
           ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ
           လူတကာတို့ ၊ ခန္ဓာခိုင်ကြည်
           အတည်မမြဲ ၊ ဖောက်လွှဲတတ်သည့်
           အချွတ်စသာ ၊ သတ္တ၀ါတည်း ။
  • ရှိခိုးကော်ရော် ပူဇော်အကျွန်
          ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက်
          သံသရာစက်၌ ၊ ကြိုက်လတ်တွန်မူ
          တုံ့မယူလို ၊ ကြည်ညိုစိတ်သန်
           သခင်မွန်ကို ၊ ချန်ဘိစင်စစ်
          အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏
          သွေးသည် အနိစ္စာ၊
          ငါ့ခန္ဓာတည်း ။ 
                          အနန္တသူရိယ အမတ်
မြန်မာနှစ်- ၅၃၃ (ခရစ်နှစ် - ၁၁၇၁ ) တွင် မင်းယဉ်နရသိင်္ခ သည်ပုဂံထီးနန်းကိုသိမ်းမြန်းစိုးစံသည် ။ ထိုမင်းသည်ညီတော်အိမ်ရှေ့စံနရပတိစည်သူ၏ မိဖုရား ဝေဠုဝတီကို အတင်းအဓ္ဓမသိမ်းယူသည် ။၅၃၆ တွင် ညီတော် နရပတိစည်သူက နောင်တော်ကိုပုန်ကန်သတ်ဖြတ်ပြီး နန်းတက်သည် ။ထို့နောက်နောင်တော်အထိန်းတော်သား အနန္တသူရိယ အမတ်ပေါ်တွင် ယခင်ကမလိုမျက်ပွားအငြိုးထား သည်နှင့်ထိုအမတ်ကိုဖမ်း၍သတ်လေဟုသူသတ်တို့အားမိန့်၏။ အနန္တသူရိယသည်ရဲရင့်တည်ကြည်သော စိတ်ထားရှိသူဖြစ်သည် ။
အသတ်ခံရအံ့ဆဲဆဲတွင်" သူတည်းတစ်ယောက်ကောင်းမှုရောက်မူ " အစဖြာသော ရေပွက်ပမာလင်္ကာကိုအေးဆေးတည်ငြိမ်စွာစပ်ဆို ပြီးမင်းကြီးအားဆက်သပါဟုမှာကြားခဲ့လေသည် ။

လက်ဝဲသုန္ဒရ အမတ်ကြီး

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊
ပြည်သူ့စွမ်းအား မကိုးစားလျှင်
ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့......

                                  လက်ဝဲသုန္ဒရ အမတ်ကြီး ဦးမြတ်စံ

မင်းခုံတိုင်မြို့စား၊ မင်းကြီးအတုလမဟာဓမ္မိကရာဇာဘွဲ့ရ လက်ဝဲသုန္ဒရ အမတ်ကြီး ဦးမြတ်စံ သည် ညောင်ရမ်းခေတ် နောက်ဆုံးမင်းဆက် မဟာဓမ္မရာဇာဓိပတိ မြှောက်စားခဲ့သော စဥ့်ကိုင်နန်းစိုက်သည့် ကိုးသိန်းသခင် သတိုးမင်းခေါင်ထံတွင် လွှတ်ရုံးစာရေးအဖြစ် မင်းမှုထမ်းဘ၀ကို စတင်ခဲ့ပြီး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၊ နောင်တော်မင်းကြီး၊ ဆင်ဖြူရှင်မင်း၊ စဥ့်ကူးမင်း၊ ဖောင်းကားစား မောင်မောင်၊ ဘိုးတော်ဘုရား၊ ဘကြီးတော်မင်းတို့ လက်ထက်တိုင် မင်းရှစ်ဆက် အမှုထမ်းခဲ့သူဖြစ်သည်။ သူသည် အလောင်းမင်းတရား၏ ခြောက်ကျိပ်ရှစ်ယောက်ရှိသော သွေးသောက်တပ်ဖွဲ့တွင် တစ်ဦးအပါအ၀င်ဖြစ်သလို တပ်တော်ရေး၊ တရားသူကြီးအပါအ၀င် ရာထူးကြီးများကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။ စာပေဖက်တွင်လည်း သာမန် မယ်ဘွဲ့၊ မောင်ဘွဲ့၊ ကျေးစေရတုများမှသည် ၀ိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာပျို့၊ သာဓိနပျို့နှင့် စစ်ကျမ်းများ၊ စစ်သည်တော်ကျင့်ဝတ်များအကြောင်း ရေးဖွဲ့ထားသည့် နန္ဒိသေနပျို့၊ စစ်ချီ စစ်တက် နည်းဗျူဟာများအကြောင်းရေးဖွဲ့ထားသည် သေနင်္ဂဗျူဟာပျို့၊ စစ်ဆင်နည်းများအကြောင်း ရေးဖွဲ့ထားသည့် ဗျူဟစက္ကိပျို့တို့ကို ရေးဖွဲ့ခဲ့သူဖြစ်သည်။ ထိုကဲ့သို့ လက်ရုံးရည်ရော၊ နှလုံးရည်ပါ ပြည့်ဝသည့် စာဆိုစစ်သည် စွယ်စုံပညာရှိ အကျော်အမော် လက်ဝဲသုန္ဒရ အမတ် သည် ရတု ၅၅ ပုဒ်၊ ရေးသားခဲ့သည်။

Sunday, December 18, 2011

( ဇော်ဂျီ )

ပဒါးရှင်

ပေးချင်ငဲ့ ခုအရေး။

ဇော်ဂျီမောင် ငါမစစ်လို့

စိတ်ညစ်တယ်လေး။ ။

( ဇော်ဂျီ )
 
ကဗျာ တိုလေးသည် ၁၉၃၆-ခုနှစ် တက္ကသိုလ် ကျောင်းသား များ၏ အရေးတော်ပုံတွင် ဆရာဇော်ဂျီမှ မမကြီး   ( အင်းလျားက ခြင်းကြား ) အား ရေးပေး လိုက်သည့် ကဗျာ ဖြစ်သည်ဟု မသက်ဇင် ဆိုဒ်မှ တွေ့ရပါသည်။


ဖေဇော်ဂျီ
အနီဆင်သလို့
ယဉ်လှပုံထူး။

အလို
ရှုစမ်းပ
မြိုင်တန်းမှာ မာန်အကြိမ်းတွေနဲ့
ရှိန်းသတ်လို့မြူး။

နောက်တပုဒ်က ဖြင့် သတိ ဟူသော ကဗျာလေးဖြစ်သည်။
ရုပ်သေးစင်ပေါ်
ဇော်ဂျီနှင့် တောင်ဝှေး
အခုန် အပျံနှင့်
သူ့ ဟန်ကို သည်ဖေကြည့်
မောမိတယ်လေး

ရှိန်းဆာယာ ပိုမောက်
ကိုယ်ပျောက် သည့်တန်ခိုး
ရှိန်းဆာယာ သည်ဖေ ကြောက်
စိတ်ပျောက်မှာစိုး။
( ဇော်ဂျီ )

... အစ၏အဆုံး (သို့မဟုတ်) အဆုံး၏အစ ...

ကမ္ဘာဦးသူတို့သည် ရသပထ၀ီကိုစားကုန်၏။ အချို့အဆင်းလှကုန်၏။
အချို့အဆင်းမလှကုန်။
ထိုသူတို့တွင်
အဆင်းလှသူတို့သည် အဆင်းမလှသူတို့ကို
မထီမဲ့မြင်ပြုကြကုန်၏။
ထိုသို့ပြုသည်ရှိသော် .. ။
(ဦးကုလားရာဇ၀င်)
နှလုံးသားနဲ့ဖတ်ဖို့
(ရင်၌ဖြစ်သော)
ချစ်ဇနီးသို့
သျှပ်မှူးကျော်

... အမေ ...

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။
သျှပ်မှူးကျော်

Monday, September 26, 2011

ချစ်သော ဧရာဝတီ



ကြည်လင်တောက်ပတဲ့...
ငွေရောင်လှိုင်းကြပ်ခွပ်တွေကြား
ဧရာဝတီဟာ...နံနက်ခင်းတိုင်းမှာ
ကြည်လင်အေးမြစွာ...နိုးထမြဲ...
“ ဧရာဝတီ ”
မြေကမ္ဘာတည်သရွေ့
ရွှေမြန်မာရဲ့ နတ်သမီး
အသီးသီးသော ...အလှတရားတို့နဲ့
ထုံးခွေ....ရစ်ပတ်
အတိတ်နေ့ရက်တိုင်းမှာ...
မြန်ပြည်သားတို့ရဲ့ အသိဥာဏ်ကို
လှုံ့ခတ် ကြည်နူးစေတယ်....

သဲသောင်ပြင် ဖြူဖြူအောက်
ခရုကောက်ကြတဲ့ ကမ်းစပ်မှာ..
ရေလှိုင်းသံ တလွင်လွင်
မှိုနတို...နဖားရွက်နဲ့
စားစရာပေါတဲ့ တို့မြန်ပြည်
ဧရာဝတီ....ရစ်ခွေမြဲ
အသည်းနှလုံးစိုင်တွေမှာ
အဘယ်သို့သော အကြောင်းတရားတွေနဲ့မှ
မပျောက်ကွယ်စေချင်....

အို....ဧရာဝတီ
ငါတို့ချစ်တဲ့ မြစ်တစ်စင်း
သင်ပေးဆပ်တဲ့ချစ်ခြင်းကို
လူတချို့က...မြစ်တစ်စင်းအသွင်မမြင်ခဲ့
ဘောင်ကွပ်...ထိမ်းချုပ်...
လျှပ်စစ်ဓါတ်တွေ...ထုတ်ကြမတဲ့..
ငိုကြွေးလိုက်ပါ...ဧရာဝတီ
ငါတို့ တာဝန်မကျေကြဘူး
သင့်သွေးကိုသောက်...
သင့်ဦးနှောက်ကိုဖောက်..
လူတွေက..တာတမံတွေ ဆောက်ကြဦးမယ်

တတ်စွမ်းသမျှ
ငါတို့အားလုံး....တတ်စွမ်းသမျှ
ဧရာဝတီရဲ့...အလှ
တစ်စက်မှ အထိမခံ
ဝိုင်းကာဝန်းကာကြံစည်ကြလို့
ကာကွယ်ထိန်းချုပ်
ဖွေးဖွေးလှုပ်တဲ့ ရေလှိုင်းသံတွေ..
အားမာန်အပြည့်...စိတ်ဓါတ်တွေနဲ့
ငါတို့...ကာကွယ်တားဆီးကြမယ်

ကုန်သွယ်ရေကြောင်း
တဂျောင်းဂျောင်းမြည်တဲ့ ..
စက်သမ္မာန် တွေကြား
ဧရာဝတီဟာ...အစဉ်အမြဲ တာဝန်ကျေလို့
ငါတို့အတွက်ဆို....
သင့်အသက်ကိုပါ...ပေးအပ်ဝံ့ခဲ့တယ်

အလင်းရောင်မရချင်နေပါစေ...
လောင်ကျွမ်းပြာကျစေပြီးမှ...
နှလုံးသားကို ဖောက်ထုတ်ရမယ့်အလုပ်
ဒီ..မဟုတ် တရုတ် တွေကိုလည်း
ငါတို့ မပြုပါရစေနဲ့

မေခ...မလိခ
မစားရ ၀ခမန်း
လူတွေက ..စီးပွားဆန်တယ်
အတ္တနဲ့ မာနတွေ နောက် တကောက်ကောက်
ပါးစပ်တွေကလည်း..
ပေါက်ပေါက်မြည်အောင်ဖောက်တယ်
တိုင်းတပါးနဲ့ ပူးပေါင်းလို့
ဆူးဖယောင်းအသွင် ပုံသွင်း
အသက်ပြင်းတဲ့ စနစ်ဆိုးအောက်
ငါတို့...ဒူးထောက်ရပေါင်းလည်းများပြီ

အို...ငါတို့ ချစ်မြတ်ရသော
မိခင် ဧရာဝတီ...
ဘေးလည်းမသီ...ရန်လည်းမခ
မာန်စွယ်တွေ တမြမြ
စူး ရှရှ..သံစဉ်တွေကြား
မြစ်ကမ်းတွေကို ဘောင်ခတ်လို့
နောင်အသက်..ရှည်သထက်ရှည်အောင်
ဝိုင်းဝန်းကာဆုတောင်း..
“ ဧရာဝတီ ” ....
သင်ချစ်သော..သားသမီးတို့အလယ်
အစဉ်အမြဲ.....
ရစ်ခွေစီးဆင်းစေသား....
ရ စ်ေ ခွ စီး ဆ င်းေ စ သား . . .
ရ စ်ေ ခွ စီး ဆ င်းေ စ သား . . . .

သက်တန့်ချို
၂၂ ရက် စက်တင်ဘာ ၂၀၁၁ ခုနှစ်

Thursday, May 5, 2011

သစ္စာ

ကျွန်ုပ်သည်
ဒုက္ခဖယ်ကင်း၊ ဆင်းရဲခြင်းမှ
လွတ်ကင်းစေရန်
စိတ်ဝယ်ဆန္ဒရှိသောကြောင့်…
(ကျွန်ုပ်လို သင်လည်းလွတ်ပါစေ)
ကျွန်ုပ်သည်
ကြွယ်ဝဥစ္စာ၊ ကိုယ်ကျန်းမာရန်
စိတ်မှာဆန္ဒရှိသောကြောင့်….
(ကျွန်ုပ်လို သင်လည်းချမ်းသာပါစေ)
(ကျွန်ုပ်လို သင်လည်းကျန်းမာပါစေ)
ကျွန်ုပ်သည်
ရုပ်နမ်ခန္ဓာ
မရှိရာမှန် မြတ်နိဗ္ဗာန်ကို
အမှန်ရောက်လိုပါသောကြောင့်…
(ကျွန်ုပ်လို သင်လည်းရောက်ပါစေ)
သို့ပေသော်လည်း
သင်ကြိုးစားမှ
ခံစားကောင်းကျိုး ရလိမ့်နိုး…
ကျွန်ုပ်ကြိုးစားမှ
ခံစားကောင်းကျိုး ရလိမ့်နိုး… သောကြာ(ကမ္မ)
The Truth
As,
I want to escape from trouble,
You may escape,too.
As,
I wish to be wealthy and healthy,
You may be wealthy and
You may be healthy.too
As,
I wish to reach the Nirvana,
That is a place
Don’t have material,soul and
Living body,
You may reach,too
But,
If you strive,
You will get merits,
If I strive,
I will get merits:
Thauk kyar(kamma)
english စာအုပ်မှ ကူးယူဖော်ပြသည်။

Monday, January 17, 2011

စစ်မုန်းနှင်းဆီအတွက် မြရွက်တို့ရဲ့ မော်ကွန်း

(၁)

ကျောက်ဂူထဲက

တလှမ်းခြင်း ထွက်လာတဲ့

ကြေးဝါရောင်ခြင်္သေ့ တကောင်လိုပဲ

၁၉၉၁ ရဲ့ ဒီဇင်ဘာ (၁၀)ရက်ဟာ

နေခြည်မျင်စတွေကို လည်ဆံမွှေးတွေလို ခါချရင်း

လူ့လောကထဲ တိုးဝင်လာခဲ့ပြီ။

·         ဖက်စစ်ကလည်း
သူ့ဖိနပ်ကိုကျစ်တဲ့ကြိုးနဲ့
ငါတို့ကိုစိုးမိုးတုပ်ခတ်
ဘီလူးအိပ်မက်မှာ
ညတွေနက်ပြီးရင်းနက်ခဲ့ပြီ။

·         ငါတို့ရဲ့တော်လှန်နိုင်ငံဟာ
အာရှရဲ့မုတ်သုန်စီးကြောင်းအောက်မှာ
စစ်ခမောက်တစ်လုံးမှောက်ထားသလို
မီးခိုးညိုတွေအူထွက်
အဲဒီအထဲကမှ ငါကအားယူနိုးထလျှက်ပေါ့။

·         ဒီနေ့ဟာ
သံလွင်ခက်တွေ သက်ဝင်မဲ့နေ့
ရာဇ၀င်မှာ ရွှေလိုစင်ကြယ်တဲ့နေ့ပါပဲ။

·         ငါ့ရင်ထဲမှာမွှေးမြသင်းရီ
ငါ့နိုင်ငံမှာလင်းပစွေးနီ
ငါတို့ချစ်သော
အို…အောင်ဆန်းနှင်းဆီ။

(၂)
·         ဘုန်းကြီးသင်္ဃန်းတွေကို ချွတ်ပြီ
လူသေပတ်တဲ့ အ၀တ်လုပ်သူတွေက
နိုင်ငံတော်အာဏာကို
သေနတ်အိတ်ထဲကထုတ်ကြည့်နေလေရဲ့။

·         အရိုးနဲ့ဆောက်တဲ့ အုတ်ဂူမှာ
ယမ်းငွေ့သွေးမြူတွေ အုံဆိုင်း
သည်မြေကိုရိုင်းအောင် လုပ်ရက်ကြတယ်
ဟေး..ပွင့်စမ်း ဝေစမ်း ရဲရင့်စမ်း
ငါတို့ ချစ်သောအောင်ဆန်းနှင်းဆီ။

·         ငြိမ်းချမ်းရေးကို မြတ်နိုးသူဟာ
သံချပ်ကာအင်္ကျိံ ၀တ်ထားသင့်သလား
သားသတ်သမားနဲ့ ဘုရားသခင်ကိုငါမေးချင်တယ်။

·         ဒါတော်လှန်ရေး
တော်လှန်ရေးမှာအေးစက်မှုန်ဝါး
အောင်ဆန်းနှင်းဆီနေ့များ
အောင်ဆန်းနှင်းဆီညများ
ပြည်သုကြားမှာလွင့်ပါးလှုပ်ခတ်
အနာဂတ်မိုးကြီးရွာလိမ့်မယ်
အနာဂတ်မိုးကြီးရွာတော့မယ်ကွယ်။

(၃)
·         ဒီကဗျာကိုငါရေးတာ
သူမအတွက် ဘုန်းတော်ဘွဲ့တင်ဆက်တာမဟုတ်ဘူး
တော်လှန်ရေးကို
အာဇာနည်ကုန်းပေါ်က
တက်အလေးပြုတာဖြစ်တယ်။

·         တောင်စွယ်နေကွယ်ချိန်
လူသတ်ကုန်းမှာ
ငါလိုရာသာတောင်းခွင့်ရရင်
မင်းတို့ဘုရင်နဲ့ စီးချင်းထိုးချင်တယ်လို့ပဲ
ငါပြောမိလိမ့်မယ်။

·         ပြန်စဉ်းစားရင်
မိခင်ရဲ့ မျက်နှာမှာ
ဓါးခုတ်ရာအမာရွတ်ကိုတွေ့ရသလိုပဲ
အသည်းနာလွန်းလှတယ်။
·         ငြိမ်းချမ်းရေးစောင်းကြိုးနဲ့ ဟိုးအဝေးကစစ်ခရာ
လောကမှာဘယ်သူလင်းပြာစေမလဲ
ဆက်လျှေက်
ဆက်ကြိုးစား
အမှန်တရားဆိုတာဘယ်သူမှ အလကားမရဘူး။

·         လျှေက်ရဲသူအတွက် လမ်းဆိုတာ
မနက်ဖြန် နေထွက်ချိန်တိုင်းမှာရှိတယ်။

·         ကြောက်တက်သူလက်နက်ချစတမ်းဆိုရင်
ငါရေးတဲ့ ဒီနှင်းဆီကဗျာဟာဓါးဖြစ်လာလိမ့်မယ်
ထက်မြစိမ်းဝင်း
သတ္တိအဆင်းတို့လွှမ်းခြုံ
အရှေ့စူးစူးရောင်ခြည်ခူးဖို့
ငါ့တို့အားလုံးဦးလည်မသုန်..
ငါ့တို့အားလုံးဦးလည်မသုန်..
ငါ့တို့အားလုံးဦးလည်မသုန်။   ။

ရွှေဘုန်းလူ(ခ)တာရာမင်းဝေ (၁၉၉၁၊ ဒီဇင်ဘာ)
 

 

ရွှေဘုန်းလူ (ခ) တာရာမင်းဝေ ၁၉၉၁ ထောင်တွင်းအကျဉ်းကျနေစဉ် ရေးသားခဲ့သည့်ကဗျာ

Wednesday, January 5, 2011

ညလှည့်စား ( ဒေါင်းနွယ်ဆွေ )

မောင့်ချစ်သူ လိပ်ပြာ
ညခါဖြင့် အိမ်မက် ။

နံနက်နေရောင်လာတော့
ခင့်လိပ်ပြာရှာမတွေ့တယ်
နှင်းငွေ့နှင်းစက် ။ ။


ဆရာကြီး ဒေါင်းနွယ်ဆွေ
တော်လှန်ရေး ကဗျာဆရာတစ်ဦးဟု နာမည်ကြီးသော ဆရာကြီး ဒေါင်းနွယ်ဆွေ သည်
၁၉၅၄ မှ ၁၉၆၁ ခုနှစ်ပိုင်း အထိ  ဇင်ဦး ဟူသောနာမည်ဝှက်ဖြင့် အချစ်ကဗျာတိုလေးများကို ရေးသားခဲ့ပါတယ်။ ဆရာကြီး၏ ကဗျာများမှာ အလွန်နည်းပါးလှပါသည်။
ဘုစုခရု နေတဲ့အိမ်ကလေး မှကူးယူသိမ်းဆည်းခဲ့ပါသည်။
 

Sunday, December 26, 2010

ပြီးပါပြီ

အရက်နဲ့ စီးကရက်ကို ကြိုက်တယ်
ညီမလေး မမမြင့်ကို ချစ်တယ်
အလင်းရောင်ကို မြတ်နိုးတယ်
ကဗျာနဲ့ သစ္စာထားတယ်
အဆုံးအရှုံးများအတွက် ၀မ်းမနည်းဘူး
မကြေကွဲဘူး
နောင်တမရဘူး
ခရီးကြမ်း ဘ၀ကြမ်းတွေကို ကြင်နာတယ်
လဲပြိုနေသူတွေကို စာနာတယ်
ဒဏ်ရာနဲ့ ရက်များကို လှိုက်လှဲစွာ တွေ့ဆုံတယ်
ယုံကြည်ချက်ရှိတဲ့ ခြေလှမ်းတွေကို ရင်ခုန်တယ်
အမှားတွေနဲ့ သောက်စားမူးယစ်တယ်
ငါးမျှားချိတ်တွေက အစာကို ငါမဟပ်ဘူး
ငါ့ဘ၀ ငါးစာကိုသာ ငါဟပ်ခဲ့တယ်။ ။

မောင်ချောနွယ်
(မြားနတ်မောင်မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၀၂ ခုနှစ်)

ရေစီးရေဆန် ပု စ္ဆာ

ချစ်သောကမ္ဘာကြီးရေ ...
အချစ်ပြီးအချစ် ဖြစ်နေလို့ကလည်းမဖြစ်ဘူး
ငွေပြီးငွေ ဖြစ်နေလို့ကလည်းမဖြစ်ဘူး
အရက်ပြီးအရက်ချည့် ဖြစ်နေလို့ကလည်းမဖြစ်ဘူး
ကိုယ့်ကိုယ်ကိုယ်ပုံချလိုက်လို့ကလည်း မဖြစ်
သံသရာကြောင်းမှာ အထုပ်အပိုးပါလို့ကလည်းမဖြစ်
ခေတ်ကို ပုံချလိုက်လို့ကလည်းမဖြစ်
မဖြစ်တာတွေချည့်ပဲ ရင်ဆိုင်နေရ
ငါ့ကို စစ်ပြုနိုင်လွန်း ...
ငါ့ဘ၀အမော အလွမ်းတွေလည်း
တောတခိုကို မစိုပြည်စေတော့ပါ။

ညဥ့်တွေ သိပ်နက်လွန်းနေတယ်
လူတွေ စီးဆင်းလွန်းနေတယ်
အရာရာဟာ စီးဆင်းလွန်းနေတယ်
ငါချစ်ခဲ့တဲ့အရာတွေအားလုံး
ဆေးရုံခုတင်ပေါ် ရောက်ကုန်ကြပြီ။

ပညာရှိသုခမိန်ရယ်
သူရူးရယ်
ကလေးရယ်
အနုပညာရှင်ရယ်
ခေါ်ပေးကြပါ။

အသက်ရှင်သရွေ့ ငါ့ကို ချစ်ကြပါ
ငါဟာ
ကွေ့ကောက်တဲ့ လမ်းများကို
ဖြောင့်တန်းစွာ လျှောက်လှမ်းခဲ့သူတဦးပါ။ ။

မောင်ချောနွယ်

Monday, December 6, 2010

“ အကယ်၍ ”

အကယ်၍
မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်း ပြစ်တင်ကြတဲ့အခါ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ် ဆိုရင်

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ် ဆိုရင်

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ် ဆိုရင်
ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်တရား
မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူး ဆိုရင်
ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူး ဆိုရင်
ပြီးတော့ မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိဆန်လွန်းတဲ့ စကားတွေလည်း မပြောဘူး ဆိုရင်

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ် ဆိုရင်

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့ ခံယူထားနိုင်မယ် ဆိုရင်

အကယ်၍
မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ် ဆိုရင်
ဒါမှမဟုတ် မင်းဘဝတခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ ပြန်လည် တည်ဆောက်နိုင်မယ် ဆိုရင်

အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ ကြွေတလှည့် ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့ အစကနေ ပြန်စနိုင်မယ် ဆိုရင်
ပြီးတော့တခါ ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူး ဆိုရင်

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့
ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ် ဆိုရင်
အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်ဓာတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ် ဆိုရင်

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူး ဆိုရင်
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ် ဆိုရင်

အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ် ဆိုရင်
ဒါမှမဟုတ် မင်းဧရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူး ဆိုရင်
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်
မင်းဟာ အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။

Rudyard Kipling
(ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်သည်)

If
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too:
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or being hated don't give way to hating,
And yet don't look too good, nor talk too wise;
If you can dream---and not make dreams your master;
If you can think---and not make thoughts your aim,
If you can meet with Triumph and Disaster
And treat those two impostors just the same:
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and building up with worn-out tools;
If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings,
And never breathe a word about your loss:
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"
If you can talk with crowds and keep your virtue,
Or walk with Kings---nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much:
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And---which is more---you'll be a Man, my son!

Rudyard Kipling
(Translated by Daw Aung Sun Suu Kyi)
                                                                                                                                                   
                  ဇာနည်မောင်

Sunday, November 28, 2010

တစ္ဆေ

အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွေ့ရာတွေလဲ၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ၊ အတည်မကျ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား၊ ကြယ်လေးငါးပွင့်
စကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ်၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊ မြက်ချုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း
ဖြည်းနင်းရှပ်ရှပ်၊ မတ်တပ်ထလိုက်
ခန်းဝကိုလာ၊ ဝရန်တာမှာ
သည်မှာတစ်ယောက်၊ တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့်၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
တဆင်တည်းပဲ သူနှင့်ငါ။

မြစ်နက်ထဲမှာ
ငါ-ရေနစ်မြှုပ်၊ ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား၊ ငါနေနားလိုက်
ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်
တစ်ယောက်သောငါ၊ ငါများစွာမှ
ထလာလွင့်ပါး၊ မောင့်အနားကို
စကားထွေရာ၊ ငိုသံပါနှင့်
ဘာမှမကြား၊ မောင့်အနားမှာ
"ထသွားစို့ဆို၊ မေ့ကိုအိပ်မက်
မမက်ဘူးလား"၊ တစ္ဆေဖြားယောင်း
မှုန်မွှားစိတ်ဝယ်၊ အရိပ်ထင်။ ။

ကြည်အေး
(တာရာမဂ္ဂဇင်း ၊ အတွဲ ၃ ၊ အမှတ် ၂ဝ ၊ ၁၉၄၇)

Saturday, November 27, 2010

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက် မစားလေရ၊
ဝမ်းမ၀၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
 မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့၊
 အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး လက်ရုံးများမြောင်၊
ဉာဏ်များမြောင်နှင့် စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။
ဇော်ဂျီ

ကျွန်တော်နှင့် သနပ်ခါးပွင့်ကလေး

စစ်မက်ပြိုင်မိုး
ကြယ်ကလေးတွေ စီးချင်းမထိုးကြပါနဲ့။

မိုးချုပ်အိမ်ပြန်
လမင်းကို ပန်တဲ့မိန်းကလေး
ငြိမ်းချမ်းရေးနဲ့ အိပ်စက်နေလို့ပါကွယ်။


တာရာမင်းဝေ
မိုးခေါင်လို့တီးတဲ့ဗုံသံမှ

Thursday, September 2, 2010

စင်သီယာ (၃)

ငါမပြောတော့ဖူး

မင်းဦးနှောက်နွံအိုင်တော့မှာ

ဘောဂဗေဒဇယားချပ်တွေ

မျက်တောင်ခတ်တဲ့ ကိန်းဂဏန်းတွေ

"ငွေ...ငွေ....ငွေ" (မင်းတို့)

ဆိုနေကျသီချင်းတစ်စမို့

ငါအလွတ်ရနေပြီ

ဒီအမှိုက်ပုံထဲ၊ ငါကိုမဆွဲနဲ့ စင်သီယာ ငါမလာနိုင်ဖူး

စူးစူးဝါးဝါးအော်ဟစ်

ချွေးမိုးအောက်နစ်ပါစေ

မင်းပြုံးနေ စင်သီယာ

ငါမပြောတော့ဖူး။
[သျှပ်မှူးကျော် (ထူးအိမ်သင်)]

ရီလေတီဗီတီ သီအိုရီ

ယောကျာင်္းကလေးများအဖို့
တစ်ထွာသော ဆံပင်သည်
အရှည်ကြီးဖြစ်၏။
မိန်းကလေးများအဖို့
တစ်ထွာသောဆံပင်သည်
တိုတိုကလေးဖြစ်၏။

ဘတ်စ်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
အဝေးကြီး ဖြစ်၏။
ကိုယ်ပိုင်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
နီးနီးကလေးဖြစ်၏။

တောင်အောက်မှ လူအဖို့
ထိုလမ်းသည်
အတက်ဖြစ်၏။
တောင်ပေါ်မှ လူအဖို့
ထိုလမ်းသည်
အဆင်းဖြစ်၏။

ညအဖို့
၁၂ နာရီသည် သန်းခေါင်ယံ ဖြစ်၏။
နေ့အဖို့
၁၂ နာရီသည် မွန်းတည့်ဖြစ်၏။

လူကြီးများအဖို့
အချစ်သည် အတိတ်ဖြစ်၏။
လူငယ်များအဖို့
အချစ်သည် အနာဂတ်ဖြစ်၏။

(မင်းလူ)

Monday, June 28, 2010

ဥယျာဉ်မှူး

အမှုထမ်း အရှင့်အမှုတော်ထမ်း အကျွန့်ကို
သနားတော်မူပါ ဧကရီ ။

ဧကရီ စည်ဝေးသဘင် ပြီးဆုံးပြီ။
ငါ့ အမှုတော်ထမ်းတွေထဲ
သင် ဘာကြောင့် ၊ နောက်ကျ ရောက်လာရသလဲ ။

အမှုထမ်းတပါးသူတွေနဲ့
ဆောင်ရွက်ပြီးပြီဆိုရင်
ယခု အကျွန့်အလှည့်ဖြစ်ပါစေ။
အရှင့် နောက်ဆုံး အမှုတော်ထမ်းအတွက်
ကျန်တဲ့ အလုပ်တာဝန်ကို တောင်းခံရအောင်
အကျွန်ုပ်လာခဲ့တာပါ။

ဧကရီ အလွန်အမင်း နေက်ကျနေတာမှ
သင်ဘာကို မျှော်လင့်စရာ
ရှိတော့မှာလဲ။

အမှုထမ်းအရှင့် ပန်းဥယျာဉ်မှာ
အကျွန့်ကို
ဥယျာဉ်မှူး ခန့်တော်မှုပါ ။

ဧကရီ ကြံကြီးစည်ရာကွယ်။

အမှုထမ်းအကျွန့်ရဲ့
တခြားအလုပ်တာဝန်တွေကို
စွန့်လွှတ်ပါရစေ ။
အကျွန့် ဓားလှံတွေ
မြေပေါ် ချလိုက်တော့မယ်။

တိုက်ပွဲသစ်တွေလည်း
မတိုက်ခိုက်ပါနဲ့တော့ ။
အရှင့်ပန်းဥယျာဉ်မှာ
ဥယျာဉ်မှူးအဖြစ်သာ
အကျွန့်ကို ခန့်ထားတော်မူပါ ။

ဧကရီ အလုပ်ဝတ္တရားတွေကို ဆိုပါဦး ။

အမှုထမ်းအရှင် ငြီးငွေ့တဲ့နေ့တွေမှာ
အမှုတော် ထမ်းဖို့ပါ။
မနက်ဖက်
အရှင် ထွက်တောမှုမယ့်
မြက်ခင်းလမ်းကို
စိမ်းစိုအောင် အကျွန့်ထားမယ်။
အရှင့်ခြေလှမ်းတော်တိုင်းကို
ဂုဏ်ပြုရင်း
အသေခံ ကြွေဆင်းဖို့
ဝန်မလေးတဲ့ ပန်းပွင်တွေနဲ့
အရှင့်ခြေအစုံကို
ကြိုဆိုစေမယ် ။
စရည်ပင်ကိုင်းတွေမှာ
ဒန်းဆင်လို့
အရှင့်ကို လွဲပေးပ့ါမယ် ။
အဲဒီမှာ
အရှင့်ခါဝတ်တော်စကို
နမ်းရအောင် ဆိုပြီး
ညည့်ဦးယံ ဖိုးရွှေလဟာ
သစ်ရွက်တွေကြားက
အတင်း အလုအယက် တိုးထွက်လာလိမ့်မယ်။
အရှင်စက်ရာ သလွန်ဘေးမှာ
ထွန်းလင်းတဲ့ မီးအိမ်ကို
ဆီမွှေးနဲ့သာ ထပ်ကာ ဖြည့်ပါ့မယ်။
အရှင့် ခြေနင်းခုံကိုလည်း
အကျော် ကရမက်တွေ အိုင်အိုင်သွေးပြီး
ရှုမောစရာ ပုံအသွယ်သွယ်
လိမ်းခြယ်ပေးပါ့မယ် ။

ဧကရီ အဖိုးအခ အနေနဲ့
သင်ဘာကို လိုချင်သလဲ ။

အမှုထမ်းညံ့သက်ညွှတ်နူး ကြာမုံဖူးနဲ့တူတဲ့
အရှင့် လက်ဆုပ်ကလေးတွေကို ကိုင်ပြီး
လက်ကောက်ဝတ်မှာ
ပန်းကုံးတွေ ဆင်မြန်းပေးခွင့် -
အရှင့် ခြေဖ၀ါးအစုံကို
အသောက ပွင့်ဖတ်လွှာတွေရဲ့
ပန်းဆီနီနီနဲ့ ခြယ်သခွင့် -
ဒါပြင်
ဖုန်စ ဖုန်နတွေ
ကပ်နေအုံးမည်ဆိုရင်
နမ်းပစ်ခွင့်ကို ပေးသနားပါ ။

ဧကရီ သင်တောင်းတဲ့ဆုကို
ခွင့်ပြုတော်မူတယ် ငါ့အမှုတော်ထမ်း....
ငါ့ ပန်းဥယျာဉ်မှာ
အသင် ဥယျာဉ်မှုး ဖြစ်စေ.....။ ။

ရာဘန္ဒြာနတ်(သ်)တဂိုး

သိတတ်ပါဘူး ရှင်ရယ်..

`သောကကို ဆောင်ယူလာတတ်ပေမယ့်.
မေတ္တာတရားဆိုတာ..ယုံစား အားထားသင့်ပါတယ်၊
မင်းရဲ့ အသဲတံခါးကို ပိတ်မထားလိုက်ပါနဲ့ နော်`
...
`အို.. သူငယ်ချင်းရယ်..
မင်းရဲ့ စကားတွေ က နက်နဲ လွန်းလှတယ်.၊
ကိုယ်ဖြင့် နားမလည် နိုင်အောင်ပါပဲ အချစ်ရယ်`
...
`နှလုံးသား ဆိုတာ
မျက်ရည် တစ်စက်... လင်္ကာ တစ်ပုဒ်နဲ့ အတူ.၊
ပေးဆပ်ဖို့ သက်သက် မဟုတ်လားကွယ်..`
...
`အို.. သူငယ်ချင်းရယ်..
မင်းရဲ့ စကားတွေ က နက်နဲ လွန်းလှတယ်.၊
ကိုယ်ဖြင့် နားမလည် နိုင်အောင်ပါပဲ ကွယ်`
...
`ပျော်ရွှင်မှု ဆိုတာ တဒင်္ဂပါ..၊
ရယ်မော လှုပ်ရှားလိုက်ရုံ နဲ့ ဘ၀ ချုပ်ငြိမ်းသွားတတ်တယ်တဲ့..၊
နှင်းစက်လေး တစ်ပေါက်လိုပါပဲ..၊
ဝမ်းနည်းခြင်း ဆိုတာကတော့..
တည်တံ့တယ်၊ ခိုင်မြဲတယ်..၊
သည်တော့ တမ်းတ လွမ်းဆွေး ရတတ်တဲ့
ချစ်မေတ္တာတရားကို
မင်းမျက်လုံးတွေ မှာ နိုးကြားပါစေကွယ်...`
...
`အို.. သူငယ်ချင်းရယ်..
မင်းရဲ့ စကားတွေ က နက်နဲ လွန်းလှတယ်.၊
ကိုယ်ဖြင့် နားမလည် နိုင်အောင်ပါပဲ ကွယ်..`
...
ကြာပွင့်လေးတွေ က
နေမင်းရဲ့ ရောင်ခြည်အောက်မှာ ပွင့်လန်းကြတယ်၊
သူ့မှာ ရှိသမျှ အားလုံး ဆုံး ရှူံးရတယ်..၊
ဆောင်းရာသီရဲ့ ဆုံးစ မရှိတဲ့ မြူနှင်းတွေ ကြားမှာတော့
အဖူး အငုံလေးတောင် မကျန်တော့ ဘူးတဲ့..`
....
`အို.. သူငယ်ချင်းရယ်..
မင်းရဲ့ စကားတွေ က နက်နဲ လွန်းလှတယ်.၊
ကိုယ်ဖြင့် နားမလည် နိုင်အောင်ပါပဲ ကွယ်`
မိုးမိုး (အင်းလျား)
တဂိုး၏ အချစ်စာစုများ ကဗျာစာအုပ်          

Wednesday, June 9, 2010

လွမ်းသီချင်း


ရင်မှာစွဲလမ်း နေ့စဉ်မှတ်တမ်း
တမ်းတရက်ဆက် စာမျက်နှာထက်မှာ
မင်းအကြောင်းတွေပဲ ရေးဖြစ်သည်။

ရင်မှာသိုသိတ် ကျိတ်မှိတ်ခံစား
သီကုးံဖွဲ့နွဲ့ တိတ်တခိုးစိတ်နဲ့
ကဗျာတွေလည်း ရေးဖြစ်သည်။

ရင်းတွင်းရိုက်ခတ် ပဲ့တင်လှိုက်၍
နှိမ့်မြင့်သံစဉ် သီကျူးညီရင်
တေးသီချင်းတွေလည်း သည်းမိသည်။

ရင်တွင်းနိမိတ် အတိတ်ပုံရိပ်ကို
ရေးချယ်လင်းမှောင် ဆေးရောင်စုံဖြင့်
ပန်းချီများလည်း ဆွဲဖြစ်သည်။

သက်ငြိမ် ပန်းချီကားတစ်ချပ်
နှလုံးသား မှတ်တမ်းတစ်အုပ်
မျက်ရည်ဖွဲ့ ကဗျာတစ်ပုဒ်
လွမ်းသီချင်းလုပ်၍ ဆိုဦးမည်။။

Wednesday, June 2, 2010

ရှောင်ပုန်းနေသောစာသားများ

ညကျတော့ တေးသီချင်းသံဟာ
ကိုယ့်ဆီကို ရောက်လာခဲ့တယ်။
ဒါပေမယ့်
အဲဒီတုန်းက မင်း မရှိခဲ့ဘူးကွယ်။

ဒီသီချင်းဟာ
ကိုယ်တနေ့လုံး လိုက်ရှာနေတဲ့
စာသားတွေကို ရသွားတယ်။
ဟုတ်တယ်။ ညမှောင်ရီပျိုး
တိတ်ဆိတ်တဲ့ ခဏကလေးအတွင်းမှာ
ဒီစကားလုံးတွေဟာ
ဂီတအဖြစ် အသက်ဝင်လာကြတယ်။
ဒီဂီတသံကြောင့် ကောင်းကင်မှာ
လက်နေတဲ့ ကြယ်ကလေးတွေတောင်မှ
အလင်းရောင် မှိတ်တုတ်မှိတ်တုတ်
ဖြစ်လာတယ် ထင်ရရဲ့။
ဒါပေမယ့် အဲဒီတုန်းက မင်း မရှိခဲ့ဘူးကွယ်။

ဒီတေးကို မနက်ကျရင်
မင်းကို ဆိုပြမယ်လို့ ကိုယ် စိတ်ကူးခဲ့တယ်။
ဒါပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား
မင်း ကိုယ့်ဘေးကို ရောက်လာတဲ့ အခါကျတော့
ဂီတသံက ထွက်ပေါ်လာခဲ့ပေမယ့်
စာသားတွေဟာ
အဝေးမှာ ရှောင်ပုန်းနေခဲ့ကြတယ်ကွယ်။

(တဂိုး) = ဆရာမြသန်းတင့်ဘာသာပြန်=
နှင်းဝသာန် မှ

Thursday, May 20, 2010

သခင်အောင်ဆန်းတရား

Photobucket
သခင်အောင်ဆန်းတရား
(ဇော်ဂျီ)

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သားငယ်၊ မင်းသက်လှယ်ကို
အဘယ်တရားဟောမည်နည်း။

ဆန်း၏ သတ္တိ၊
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့
မင့်သား၊ သိစေချင်လှ၏။

သူ့အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးကိုက်၏။
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ
ကြုံရာဘ၀၊ မုကလုံလောက်
ခံမြို့ဆောက်၏။

ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော
မင့်သားချောကို၊
ပြောလိုက်ပါဘိ၊ ဟောပါဘိ …

Monday, April 19, 2010

ရာသီတန်ခူး

Photobucket
မြန်မာတို့ရဲ့ သင်္ကြန်
မြန်မာတို့ရဲ့ ဟန်
နန်းဆန်မပျက် ပျော်ရွှင်ခဲ့ ရှေးရက်အချိန်ခါပင်...

ကူးပြောင်း အခါမှီ
ငြိမ်းအေး စေရည်
ဖြန်းပက်ရေစင် အေးချမ်းခဲ့ မြဲစဉ်နှစ်သစ်ကြိုခဲ့စဉ်...

ပန်းပတောက် ပွင့်ဖူး
ရာသီတန်ခူး
ငှက်သြတွန်းကြူး ထူးမှတ်ခဲ့ ရောက်မြဲ ဒီအချိန်ပင်...


မိုးနတ်နွယ်

Friday, April 9, 2010

ကျားလျှာပန်း

ပန်းအချင်းချင်းကပင်
သူ့ကို အတင်းပြောကြသည်။
ကျားလျှာပန်း ဆိုတာ
ပန်းအစစ် မဟုတ်ဖူးတဲ့လေ။



သူ့အနံ့က မွှေးလည်း မမွှေးတဲ့။
သူ့အဆင်းက လှလည်း မလှတဲ့။
ပန်းပန်သူတို့ကလည်း မပန်ကြတဲ့။
ကုသိုလ်ပြုသူတို့ကလည်း ဘုရားမတင်ကြ။
ခေါင်းမဆင်ကြ။

သို့သော်လည်း
အချင်းတို့.....
ဤ ကျားလျှာပန်းကား
ပန်းတကာတို့ ခန္ဓာစဲသော
နွေခေါင်ခေါင်မှာမှ
နွေကို အံတုလျက် ဖူးပွင့်ရဲသော
ပန်းပင်ဖြစ်ချေသည်တကား။


The Cactus Flower
tranlsated by Khin Aye Thet

Even amongst the flowers,
They deride it.
This tiger's tounge, this cactus flower
Is not a real flower. So they say.

Its scent unsweet,
Its lines unlovely,
The flower-lovers love it not.
The merit-seekers never place it on the alter.
None ever wear it in their hair.

But let thou listen!
In the height of summer
when all flowers wither,
The tiger's tounge blossom
Sets its teeth against summer
And dares to bloom.

မောင်ပန်းမွှေး
ဘာသာပြန်- ခင်အေးသက်
မောင်ပန်းမွှေးရဲ့ တခုသောပန်းဥယျဉ် ကဗျာစာအုပ်မှ ကူးယူဖော်ပြပါတယ်။

Thursday, April 8, 2010

မြ


မြ
.. မြ ...
အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် " မြ " သော မြားတစ်စင်းတည်၏။
သို့သော် " တေး " မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို " မြ " သော စောင်းတစ်အိုးတည်၏။
သို့သော် " ကြိုး " မရှိ။

သျှပ်မှူးကျော်၊ မောင်မိုးကျော်၊ အရိုင်းဖြူ ၊ထူးအိမိသင်

ဒီပရင်္ဂ(ဒီပဲယင်း)

ပုံပြင်ထဲကမြို့လဲမဟုတ်
ဒဏ္ဍာရီထဲကမြို့လဲမဟုတ်
ရာဇဝင်ထဲက မြို့တစ်မြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းကရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။
ဒီမြို့ကိုကတူးလူမျိုးတွေတည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဖက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေဆိတ်ယောင်ဆောင်
ရေသောက်မဲ့ ဟန်မြည်သံပေးတာကိုအစွဲပြုလို့
ဒီမြို့နာမည်တွင်ခဲ့ရ။
အရှေ့မှာဧရာဝတီ
အနောက်မှာချင်းတွင်း
မနီးဝေးမှာမူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်ထွန်းခဲ့တယ်။
သာသနိကအဆောက်အအုံတွေပေါများ
ရဟန်းပညာရှိလူပညာရှိတွေထွန်းကား
တစ်ခြားမြို့တွေနဲ့စီးပွါးကူးသန်းသွားလာဖို့လွယ်ကူ
ဘိုးတော်ဘုရားလက်ထက်စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့၁၂မြို့ထဲကမြို့တစ်မြို့။
အလောင်းဘုရားလက်ထက်မှာ
အိမ်ရှေ့စံနောင်တော်ကြီးဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာစစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရရဲခေါင်ဘွဲ့နဲ့ဒီမြို့ရဲ့မြို့ဝန်။
ဘုံခန်းပျို့ဆရာအရှင်အဂ္ဂသမာဓိ
စစ်သူကြီးမဟာဗန္ဓုလ
မုံတိုင်ပင်ဆရာအရှင်ဝံသ
အတုလဆရာတော်အရှင်ယသ
မြသိန်းတန်ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
လယ်တီဆရာတော်
ဒါဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာမင်းတုန်းမင်းကိုပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသားခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့မြို့ဝန်ဦးမှန်း
အောက်ပြည်ကိုထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေအတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ်ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက်သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ဒီဒေသ
ဆောင်းတွင်းအခါသမယမှာ
မိုးရွာဖို့မဆိုထားနဲ့
မိုးအုံ့ဖို့တောင်အကြောင်းမရှိပေမယ့်
ရုတ်တရက်မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင် ရွာတဲ့မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကိုဖြတ်သန်းရင်း
ဒီမြို့ကိုကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကိုခြောက်လှန့်နေလေရဲ့။

(ကြည်မောင်သန်း)ချယ်ရီမဂ္ဂဇင်း ၂၀၀၈ ဇွန်လ
ထိုကဗျာကြောင့် ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ ၂ ဦး အလုပ်ထုတ်ခံခဲ့ ရသည်။ အယ်ဒီတာ များမှာ တာဝန်ခံ အယ်ဒီတာ ဒေါ်သပြေနှင့် အမှုဆောင် အယ်ဒီတာ လင်းထိပ်သျှင် တို့ဖြစ်သည်။

တရား နှင့် ဓား


တရား နှင့် ဓား
အား နှစ် အား တွင်
တရားကို ချစ်
ဓားကို ပစ်အံ့
စစ်ကို ငါတို့ မုန်းပါသည်။

(ကဗျာဆရာ တင်မိုး)
ဆရာတင်မိုး ကိုမြင်းခြံခရိုင် တောင်သာမြို့ နယ် ကန်မြဲရွာမှာ၁၉၃၃ ခုနှစ်နိုဝင်ဘာလ ၁၉ ရက် နေ့မှာဖွားမြင်ခဲ့၍ အမည်ရင်းက ဘဂျမ်း ဖြစ်ပါတယ်။ ၁၉၉၁ မှ ၁၉၉၅ ထိ ပေဖူးလွှာ မဂ္ဂဇင်း အယ်ဒီတာချုပ် အဖြစ်တာဝန်ယူစဉ် စစ်အစိုးရမှ ထောင် ၄ နှစ်ချခြင်းခံရပါတယ်။ ၂၀၀၀ ခုနှစ် နောက်ပိုင်း အမေရိကန်(LA) မှာနေထိုင်စဉ် ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက် ဒေသစံတော်ချိန် ၄ နာရီခန့်တွင ကွယ်လွန်ခဲ့သည်။