Wednesday, June 2, 2010

ရှောင်ပုန်းနေသောစာသားများ

ညကျတော့ တေးသီချင်းသံဟာ
ကိုယ့်ဆီကို ရောက်လာခဲ့တယ်။
ဒါပေမယ့်
အဲဒီတုန်းက မင်း မရှိခဲ့ဘူးကွယ်။

ဒီသီချင်းဟာ
ကိုယ်တနေ့လုံး လိုက်ရှာနေတဲ့
စာသားတွေကို ရသွားတယ်။
ဟုတ်တယ်။ ညမှောင်ရီပျိုး
တိတ်ဆိတ်တဲ့ ခဏကလေးအတွင်းမှာ
ဒီစကားလုံးတွေဟာ
ဂီတအဖြစ် အသက်ဝင်လာကြတယ်။
ဒီဂီတသံကြောင့် ကောင်းကင်မှာ
လက်နေတဲ့ ကြယ်ကလေးတွေတောင်မှ
အလင်းရောင် မှိတ်တုတ်မှိတ်တုတ်
ဖြစ်လာတယ် ထင်ရရဲ့။
ဒါပေမယ့် အဲဒီတုန်းက မင်း မရှိခဲ့ဘူးကွယ်။

ဒီတေးကို မနက်ကျရင်
မင်းကို ဆိုပြမယ်လို့ ကိုယ် စိတ်ကူးခဲ့တယ်။
ဒါပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား
မင်း ကိုယ့်ဘေးကို ရောက်လာတဲ့ အခါကျတော့
ဂီတသံက ထွက်ပေါ်လာခဲ့ပေမယ့်
စာသားတွေဟာ
အဝေးမှာ ရှောင်ပုန်းနေခဲ့ကြတယ်ကွယ်။

(တဂိုး) = ဆရာမြသန်းတင့်ဘာသာပြန်=
နှင်းဝသာန် မှ

No comments:

Post a Comment