Thursday, August 23, 2012

ကြည့်မြင်တိုင်

ကြည့်မြင်တိုင်ဆိုတာ
ရန်ကုန်အနောက်ပိုင်းခရိုင်က
လူဦးရေ ၂ သိန်းခန့် အခြေချနေထိုင်တဲ့အရပ်

ရာဇ၀င်အရ
မြန်မာဘုရင်များလက်ထက်က
ခံတပ်ရွာလေးတရွာဖြစ်သလို
ရွှေတိဂုံဘုရားသမိုင်းထဲမှာတော့
မောင်ကံ ရွှေတိဂုံစေတီကို ကြည့်မြင်တိုင်တည်တဲ့နေရာ


ရပ်ကွက် ၂၀ နဲ့ဖွဲ့စည်းထားတဲ့
ရပ်ကွက် ၂ခုက လှိုင်မြစ်ကြီးခြားတဲ့
ထူးထူးခြားခြား မြို့နယ်တခု



ဘူတာရုံ
ဆိပ်ကမ်း
ကားဂိတ်တွေနဲ့
ဈေးနီး၊ကျောင်းနီး၊ ကားစီးရလွယ်
နေချင်စဖွယ်အရပ်

ဘုန်းတော်ကြီးကျောင်းတွေများပြား
ဆွမ်းလောင်းအသင်းတွေပေါပြား
ရဟန်းသံဃာတော်တွေ ထွန်းကား
သင်္ဃန်းတိုက်တွေနဲ့ စည်ကားတဲ့အရပ်

ရွှေတိဂုံစေတီသွားမလား
မြေနီကုန်းသွားမလား
လှည်းတန်းသွားမလား
မြို့လည်ကောင်သွားမလား
ဘုရင့်နောင်သွားမလား
တစ်ခဏနဲ့ ခရီးပေါက်နိုင်တဲ့နေရာ

အနီးအနားမှာ
တန်ခိုးကြီး ကိုးထပ်ကြီးဘုရား
မဟာသက်ကျမုနိ ရုပ်ပွါးတော်မြတ်နဲ့
တရားပွဲ မကြာခဏကျင်းပတဲ့အရပ်

ဂုဏ်ယူဝင့်ကြွားစရာ
ပန်းဆယ်မျိုးထဲက မြန်မာ့လက်မှု အနုပညာ
ပန်းတဉ်းရှိတဲ့နေရာ
လက်ညှိုးထိုးပြစရာ

ရုပ်ရှင်တစ်ရုံနဲ့
ဆေးရုံတစ်ရုံရှိတဲ့မြို့နယ်
ရန်ကုန်ရဲ့ တစ်ခုတည်းသော
ရှားရှားပါးပါး လဟာပြင်ညဈေးရှိတဲ့အရပ်
သိရီမင်္ဂလာ ကုန်စိမ်းဈေး
ဗဟိုစံပြငါးဈေး
ထီးတန်းဈေး
ဈေးတွေပတ်လည်ဝိုင်းရာအရပ်

တစ်ချိန်တခါက
ဗမာပြည် ကွန်မြူနစ်ပါတီဌာနချူပ်ရှိရာ
'' ဗားကရာချောက်ကို
ဆိုရှယ်လစ်တွေအရိုးနဲ့ဖို့မယ်လို့......''
ကြုံးဝါးခဲ့တဲ့ သမိုင်းဝင်နေရာ

ဂန္တ၀င်ဂီတစာဆိုကြီး
ရွှေတိုင်ညွန့် မွေးဖွါးခဲ့ရာ
နာမည်ကျော် ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေး
ကွယ်လွန်သည်အထိ
နှစ်ပေါင်းများစွာ နေခဲ့တဲ့နေရာ

အမြည်းပေါင်းစုံနဲ့
ဂုဏ်ယူစရာ အရက်ဖြူဆိုင်လေးတွေရှိတဲ့
မယ်ဇလီပင်လမ်းရဲ့ ညနေခင်းတွေကို
သူငယ်ချင်းများနဲ့ဖြတ်သန်းရင်း

ကမ်းနားလမ်း
ထီးတန်းအိမ်ယာမှာ
လွမ်းစရာ အနှိပ်ခန်းလေးရှိသတဲ့

အရက်သမားပေါတဲ့ ကြည့်မြင်တိုင်
ဖဲသမားပေါတဲ့ကြည့်မြင်တိုင်
ကလေကချေနဲ့ အရှူးတွေပေါတဲ့ ကြည့်မြင်တိုင်
ခွေးလေခွေးလွင့်တွေပေါတဲ့ ကြည့်မြင်တိုင်

ကျွန်တော်လဲ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို
ကြည့်မြင်တိုင်သူနဲ့ အိမ်ထောင်ကျခဲ့တာ
ဆယ်နှစ်ဆယ်မိုး မကတော့ ပြီပဲ။

                            လှသန်း
 (၂၀၁၁နိုဝင်လဘာလ ထုတ်မြန်မာသစ်မဂ္ဂဇင်းမှ)

No comments:

Post a Comment